အပန်းဖြေစခန်း မရီး(MUREE)




ဒီအပတ်တော့ အစ္စလာမာဘတ် နေပြည်သူများ အထူးသဖြင့် ငွေကြေးတတ်နိုင်သူများ နွေရာသီအတွင်း နေ့စဉ်သွားရောက်ပြီး အပူရှောင်ကြသည့် တောင်ပေါ်ဒေသလေးတစ်ခုအကြောင်း တင်ပြချင်ပါတယ်. အဲဒါကတော့ ကျနော်တို့က မရီး လို့ ခေါ်တဲ့ (Muree) ဆိုတဲ့ တောင်ပေါ်မြို့လေးပဲ ဖြစ်ပါတယ်.နောက်တစ်မျိုးကတော့ ဒီတောင်ပေါ်ဒေသလေးကို Queen of Mountains လို့ ခေါ်ကြတယ် ပြောပါတယ်. ကျနော်တို့နိုင်ငံမှာ ဆိုရင်တော့ ပြင်ဦးလွင်လို နေရာမျိုးဖြစ်ပါတယ်. ဒီမြို့လေးဟာ ဆောင်းရာသီဆိုရင် နှင်းတွေခဲနေတဲ့ ရေခဲတောင် တစ်ခုလိုပါပဲ. ကျနော်တို့ သွားတာကတော့ နွေရာသီအတွင်း ဖြစ်တဲ့အတွက် ရေခဲကာလ မဟုတ်သေးပါဘူး. နောက်တစ်ခေါက် ရေခဲကာလမှာ သွားကြတော့ ကျန်းမာရေးမကောင်းလို့ မလိုက်နိုင်ခဲ့တဲ့အတွက် ရေခဲပြင်ပေါ်ကိုတော့ ကျနော်လဲ မလျှောက်ဖူးသေးပါဘူး. လာမည့်ဆောင်းရာသီမှာ သွားဖို့ စီစဉ်ထားပါတယ်. ဒီမြို့လေးဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း(၇၅၀၀)အထက်မှာ တည်ရှိပြီး ပါကစ္စတန်မှာရှိတဲ့ အပန်းဖြေစခန်းများထဲမှ တစ်ခုအပါအ၀င်ဖြစ်ပါတယ်. ၁၈၅၀ခုနှစ်ကနေ ၁၉၄၇ခုနှစ်အထိ ဗြိတိသျှတို့ သိမ်းပိုက်ထားစဉ်ကာလအတွင်းမှာတော့ မရီးမြို့ဟာ ဗြိတိသျှတို့ရဲ့ တောင်ပေါ်စခန်းတစ်ခုအဖြစ် တည်ရှိခဲ့ပါတယ်. မရီးမြို့လေးဟာ အစ္စလာမာဘတ်ကနေ သွားရင် တစ်နာရီ ကျော်လောက် ကားမောင်းရပါတယ်. အိန္ဒိယနဲ့ ပါကစတန်တို့ အငြင်းပွားဒေသဖြစ်တဲ့ ကက်ရှ်မီးယား ဒေသနဲ့လည်း အလွန်နီးပါတယ်. ပါကစ္စတန်ဟာ အလွန်ပူပြင်းတဲ့ ရာသီဥတုရှိတဲ့အတွက် နွေရာသီ အတွက်တော့ တကယ်နေလို့ကောင်းတဲ့ တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်ပါတယ်.

Comments

Popular posts from this blog

ရှားရှားပါးပါး ပါကစ္စတန်မှ ဗုဒ္ဒအမွေအနှစ်များ